
အိမ်ထောင်တစ်ခုမှာ မိဘ နှစ်ပါးက ရန်ဖြစ် ဒေါသထွက်နေရင် ကလေးတေွ အပေါ်မှာ ဘယ်လောက် ထိခိုက်သွားနိုင်ပါသလဲ။ဖြစ်လေ့ဖြစ်ထရှိပြီးမိဘများ သတိမမူမိတဲ့အကြောင်းအရာတစ်ခုပါ။

အိမ်ထောင်တစ်ခုမှာ မိဘနှစ်ပါးက တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာရှိဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက အိမ်ထောင်မကျခင် သမီးရည်းစားဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြ၊ ပြဿနာရှာတတ်ကြပေမယ့်။ အိမ်ထောင်ကျတဲ့ အခါ မိဘတေွက ရန်ဖြစ်မယ် အဖေနဲ့ အမေက တစ်ယောက်နဲ့ တစ်ယောက် အော်ငေါက်မယ်။ ဒေါသတကြီးနဲ့ ရိုက်ကြ၊ ပုတ်ကြ ဆိုရင် ကလေးက မြင်နေရရင် ကလေးစိတ်ထဲမှာ အများကြီး ထိခိုက်နိုင်ပါတယ်။

ကလေးသဘာဝကတော့ မိဘဂရုစိုက်တာပဲ လိုချင်နေတဲ့ အချိန်မှာ မိဘရဲ့ ဂရုစိုက်မှုကိုလည်းမရဘူး။ ကလေးစိတ်ထဲမှာ ဒေါသဖြစ်တယ်ဆိုတဲ့ အပြုအမှုဟာ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့နည်းလမ်းလို့ သူသတ်မှတ်သွားလိမ့်မယ်။ အိမ်မှာ မိဘတေွ ရန်ဖြစ်နေတာကို တေွ့ရတဲ့ ကလေးတေွက ကြီးလာတဲ့ အခါမှာ ပြဿနာ တစ်ခုကို ဒေါသနဲ့ အမြန်ဆုံး ဖြေရှင်းလေ့ရှိပါတယ်။

နောက်တစ်ခုက ကလေးက အလိုမကျတာကို ဂျီကျတဲ့အခါမှာ အဖေသော်လည်းကောင်း၊ အမေသော်လည်းကောင်း ဒေါသတကြီးနဲ့ ကလေးကိုထပ်ရိုက်မယ်ဆိုရင် ကလေးအနေနဲ့က နှစ်ခါခံရတာပေါ့နော်။ အဲဒီလို ကလေးကိုရိုက်လိုက်မယ်ဆိုရင် အဖေ၊ အမေ အပေါ် မှာလည်း ကလေးက ယုံကြည်မှု နည်းသွားနိုင်တယ်။ သူတစ်ခုခု အခက်အခဲ ဖြစ်သွားရင်လည်း မပြောတော့ဘဲနဲ့ တစ်ခါတစ်ခါမှာ အသားအနာခံပြီးတော့ သူကိုယ်တိုင် သောင်းကျန်းသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။

ကလေးတေွ ရေရှည် ဘဝဖွံ့ဖြိုးမှု ကောင်းမွန်ဖို့အတွက် ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိရလေအောင်၊ ဖွံ့ဖြိုးမှုမှာ နောက်မကျရလေအောင် ကလေးများကို မိဘက ရိုက်ဆုံးမတာမျိုး မလုပ်ရပါဘူး။ ကလေးတေွရေှ့မှာလည်း ဒေါသတကြီး ရန်ဖြစ်တာမျိုးလည်း မလုပ်ရပါဘူး။
MiGi