
မေမေတို့ရေ ဘေဘီလေးတွေကို အိမ်မှာထားခဲ့ပြီး လုပ်ငန်းခွင်ပြန်ဝင်ရေတော့မို့ စိတ်မချဖြစ်နေပြီလား??
ကိုယ့်ရဲ့ဘေဘီလေးတွေကို ဘယ်လိုမျိုးစိတ်ချစွာထားခဲ့ပြီး ကလေးတွေမှာ စိတ်ဒဏ်ရာတွေမရအောင် ဘယ်လိုပုံစံလေးနဲ့ ထားခဲ့ဖို့သင့်တယ်ဆိုတာလေးကို မေမတို့အတွက် မျှဝေပေးမယ်နော်။
- အချို့မေမေတွေက အလုပ်သွားခါနီးတဲ့အခါ ကလေးငိုမှာစိုးတဲ့အတွက် ကလေးကိုမမြင်အောင်ပုန်းရှောင်ပြီး သွားတတ်ကြပါတယ်။ တကယ်တော့အလုပ်သွားခါနီးမှာ ကလေးကိုပြုံးပြုံးရွှင်ရွှင်နဲ့ လက်ပြနှုတ်ဆက်သင့်ပါတယ်။ တကယ်လို့ ကလေးငယ်မမြင်အောင်တိတ်တိတ်လေးထားသွားမယ်ဆိုရင် မေမေက သူ့ကိုတိတ်တိတ်လေးနဲ့ ထားသွားနိုင်တယ်ဆိုတဲ့ ကြောင့်ကြစိတ်က ကလေးအပေါ်မှာ ကြီးစိုးသွားစေနိုင်ပါတယ်။ အဲ့ဒါကြောင့် ကလေးကိုပွေ့ဖက်နမ်းပြီး သေချာနှုတ်ဆက်သွားတာက ကလေးရဲ့စိတ်လုံခြုံမှုကို ပိုမိုပေးစွမ်းစေနိုင်ပါတယ်နော်။ မနက်မှာသေချာနှုတ်ဆက်သွားပြီး ညနေမှာ အမေကသေချာပြန်လာမယ့်ဆိုတဲ့ အသိကို ကလေးငယ်ရရှိအောင် ကြိုးစားရမှာပါ။
- နောက်တစ်ချက်က ခွဲခွာရတာနဲ့ပတ်သက်ပြီး ကလေးကိုကြိုတင်ပြောပြထားဖို့လိုပါသေးတယ်။ ကလေးကပြန်မပြောတတ်သေးတဲ့အရွယ်ဆိုပေမယ့် ကလေးကမိခင်ရဲ့ပြောစကားကို သိရှိမှတ်သားတတ်နေပါပြီ။ အဲ့ဒါကြောင့် ကလေးငယ်ထမင်းစား၊ ရေချိုးချိန်တွေနဲ့တွဲဖက်ပြီး ဘယ်အချိန်မှာ မေမေက အပြင်သွားရမယ် ဘယ်အချိန်မှာ ပြန်လာမယ်ဆိုတာမျိုးကို ကလေးငယ်ကိုသိအောင်ကြိုတင်ပြောပြထားသင့်ပါတယ်။ အဲ့ဒီအချိန်မှာလည်း ကလေးအနားဘယ်သူရှိနေမယ် ဘာတွေလုပ်ပေးမယ်ဆိုတာမျိုးကိုပါ ပြောပြထားဖို့လိုပါတယ်။ ဒါမှလည်း ကလေးရဲ့ယုံကြည်မှုတွေတိုးပွားလာစေမှာပါ။
- မေမေအလုပ်သွားချိန်မှာ ကလေးငယ်နဲ့အတူ ထားရှိဖို့အတွက် စိတ်ချရတဲ့သူလည်း လိုအပ်ပါတယ်။ အဖိုး၊ အဖွား၊ ဦးဦး၊ ဒေါ်ဒေါ်စတဲ့ ဆွေးမျိုးရင်းခြာတစ်ယောက်ယောက် (ဒါမှမဟုတ်ရင်လည်း) စိတ်ချရတဲ့ ကလေးထိန်းတစ်ယောက်ယောက်လိုအပ်ပါတယ်။ မေမေလုပ်ငန်းခွင်ပြန်မဝင်မီ တစ်ပတ်လောက်အလိုမှာကတည်းက ကလေးငယ်နဲ့အတူထားခဲ့ရမယ့်သူနဲ့ ကလေးရင်းနှီးနေအောင် ကြိုတင်လေ့ကျင့်ပေးထားရပါမယ်။
- နောက်ပြီး မေမေတို့အလုပ်ကပြန်ရောက်တဲ့အခါမှာတော့ ကလေးငယ်ကို ပိုမိုလို့ ချစ်ခင်ယုယပေးရပါမယ်။ အိမ်ပြန်ရောက်တာနဲ့ ကလေးငယ်နဲ့တန်းတွေ့ပြီး ချစ်ခင်ယုယပြီး အချိန်ပေးဖို့လိုအပ်ပါတယ်။
- မေမေတို့ သတိပြုရမှာကတော့ မေမေကခွဲသွားချိန်မှာ ကလေးခေါက်ကိုက်တာ၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ အသက်ရှူမြန်လာတာ၊ အခြားသူတွေကို ထိတ်လန့်ကြောက်ရွံ့နေတာ၊ ညဘက်တွေမှာ အိပ်မက်ဆိုးမက်ပြီး အိပ်မပျော်တာ၊ ကလေးရဲ့စိုးရိမ်စိတ်တွေအရမ်းများနေတာမျိုးလွန်လွန်ကဲကဲဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသပေးဖို့ လိုအပ်ပါတယ်နော်။
(ဒေါက်တာမေမွန်ရေးသားသည့် ကလေးပြုစုပျိုးထောင်ရေးဆောင်းပါးများ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်)
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး