မေမေတို့ရေ ကလေးငယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သံဓာတ်ကအရေးကြီးတယ်ဆိုတာကို မေမေတို့သိရှိပြီးသွားပြီဆိုတော့ အသက် (၆) လအထက် ကလေးငယ်တွေဟာ သံဓာတ်ကိုဘယ်လိုအခြေအနေမျိုးတွေနဲ့ ရရှိနိုင်တယ်ဆိုတာကို ကျားလေးက မျှဝေပေးမယ်နော်။
ဒီအရွယ်ကလေးတွေမှာ ကြီးထွားလာနေတဲ့အရွယ်ဖြစ်လို့ မိခင်နို့ကရတဲ့ သံဓာတ်နဲ့မလုံလောက်တော့ပါဘူး။ ဒီအရွယ်မှာ ကလေးသံဓာတ်ချို့တဲ့နိုင်တဲ့အလားအလာများလာနေပါပြီ။ အဲ့ဒီအတွက် ဒီအရွယ်ကလေးတွေရဲ့ သံဓာတ်လုံလောက်မှုဟာ ဖြည့်စွက်စာအပေါ်မှာ အများကြီးမူတည််နေပါတယ်။ အဲ့ဒါကြောင့်မေမေတို့က ဖြည့်စွက်စာပြင်ဆင်တဲ့အခါ အသား၊ အသည်း စတဲ့သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်ပေးဖို့ လိုပါတယ်။
ကလေးငယ်မှာ သံဓာတ်ချို့တဲ့မယ်ဆိုရင် သွေးအားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်းနဲ့အတူ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း နှေးကွေးစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှု အမြန်ဆုံးအရွယ်ဖြစ်တဲ့ သုံးနှစ်အောက် ကလေးတွေဟာ သံဓာတ်ချို့တဲ့နိုင်တဲ့ အလားအလာအများဆုံးအရွယ်တွေဖြစ်ပါတယ်။ အဲ့ဒီအရွယ်မှာ သံဓာတ်ကို မဖြည့်ပေးထားဘူးဆိုရင်တော့ ကလေးငယ်ကျောင်းနေရွယ်မှာ အခက်တွေ့စေနိုင်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း မေမေတို့က ကလေးတွေကိုဖြည့်စွက်စာကျွေးတဲ့အခါ သံဓာတ်ပြည့်ဝတဲ့အစားအစာတွေကို ကျွေးဖို့နဲ့ သံဓာတ်အားဖြည့်အာဟာရမှုန့်လေးတွေကို ထည့်ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲနော်။
(အာဟာရဆရာဝန်ကြီးဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး