မေမေတို့ရေ သားသားမီးမီးလေးတွေကို ရေချိုးသန့်စင်ပေးမယ်ဆိုရင်တော့ အရင်ဆုံး ရေချိုးဇလုံမှာရေအပူချိန်ကို ချိန်ညှိပေးထားဖို့လိုသလို လိုအပ်တဲ့ ဆပ်ပြာတွေ၊ ဂွမ်းလုံးတွေ၊ တာဝါတွေ၊ အခြောက်သုတ်ဖို့အတွက် တာဝါတွေကို အနားမှာအဆင်သင့်ယူဆောင်ထားဖို့လိုပါတယ်။ ကလေးငယ်ကို ခေါ်ဆောင်မလာမီမှာလည်း ရေအပူချိန်ကို နွေးနွေးလေးဖြစ်ဖို့အတွက် သေချာစမ်းသပ်ထားဖို့လိုပါတယ်နော်။
ပြီးတဲ့အခါမှာတော့ ကလေးကို ရေချိုးဇလုံလေးမှာ လက်နဲ့ထိန်းပြီးသန့်စင်ပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ရေချိုးဇလုံမှာခံတဲ့စင်လေးနဲ့ဆိုရင်တော့ ပိုကောင်းပါတယ်နော်။ ပြီးတဲ့အခါမှာတော့ ကလေးရဲ့ ဦးခေါင်း၊ နား၊ မျက်လုံးနဲ့ မျက်နှာတစ်ဝိုက်ကို စနစ်တကျသန့်စင်ပေးဖို့လည်း လိုပါတယ်။ မျက်လုံးလေးတွေအပါအဝင်မျက်နှာတစ်ဝိုက်သန့်စင်ဖို့အတွက်ကတော့ ဂွမ်းလုံးလေးကို အသုံးပြုပြီး သန့်စင်နိုင်ပါတယ်။ ကိုယ်ခန္ဓာနဲ့ ပေါင်ကြား၊ ချိုင်းကြားလိုနေရာမျိုးတွေအတွက်ကတော့ တာဝါနုနုလေးနဲ့ သန့်စင်ပေးရမှာပါနော်။ ကလေးငယ်ကို သန့်စင်ရာမှာတော့ ရှူရှူးပေါက်၊ အီအီးပါတဲ့ ကိုယ်အင်္ဂါလေးတွေကိုလည်း စနစ်တကျသန့်စင်ပေးဖို့လိုပါတယ်နော်။
မေမေတို့ရေ ကလေးငယ်လေးကို ရေချိုးသန့်စင်နေတဲ့အချိန် ကလေးငယ်ကို ရေဇလုံထဲမှာ ပစ်ထားပြီး မေမေတို့က သတိလက်လွတ်နဲ့အိမ်အလုပ်တွေလုပ်နေတာမျိုး၊ ဧည့်သည်နဲ့စကားပြောနေတာမျိုးတွေကို မပြုလုပ်သင့်ပါဘူးနော်။ ဂရုတစိုက်နဲ့ကလေးငယ်ကိုစနစ်တကျသန့်စင်ပေးပြီး ရေသုတ်အဝတ်အစားလဲပေးပြီးမှသာ အခြားအလုပ်တွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး