များသောအားဖြင့် ကလေးငယ်တေွဟာ အိပ်ရာနိုးကာခအချိန်မှာ အော်ငိုလေ့ရှိကြပါတယ်။ နေ့ခင်းဖက်အချိန်မှာ မသိသာပေမယ့် ဉာဉ့်နက်သန်းခေါင်အချိန် ဒီလိုထဖြစ်ရင်တော့ မိဘတေွအဖို့ မသက်သာလှပါဘူး။ ကလေးအငိုတိတ်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့ခက် ဆိုသလိုပါပဲ။ သူတို့ဘာ့ကြောင့် ငိုကြတာလဲ။ အထူးသဖြင့် အိပ်ရာနိုးခါစ အချိန်မျိုးမှာပေါ့။
ကလေးတစ်ယောက်ငိုတယ်ဆိုတာ သူမပျော်မရွှင်ဖြစ်နေတဲ့အကြောင်းကို ဖော်ပြခြင်းလို့ သတ်မှတ်ရပါမယ်။ သူ့မှာ ငိုရတဲ့အကြောင်းပြချက်တေွ အမြောက်အများရှိနေနိုင်ပါတယ်။ ဖြစ်နိုင်ချေအရှိဆုံးတစ်ချက်ကတော့ ဗိုက်ဆာခြင်းကြောင့်ပါ။ အိပ်ရာနိုးကာစမှာ ဆာလောင်နေတဲ့ ဝမ်းဗိုက်ကြောင့် အော်ငိုလေ့ရှိတာ ထုံးစံပါပဲ။
ရာသီဥတုအခြေအနေတေွကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရမ်းအေးလွန်းတဲ့အခါ ၊ အရမ်းပူလွန်းတဲ့အခါ ကလေးငယ်ဟာ အိပ်နေရာကနေ လန့်နိုးလာပြီး အော်ငိုတတ်ပါတယ်။ ခြင်အန္တရာယ်ဟာ တော်တော်လေးကိုဆိုးရွားပါတယ်။ လူကြီးတေွမှာတောင် ခြင်ကိုက်ခံရရင် ဆေးရုံရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးငယ်ကို ခြင်မကိုက်အောင် အထူးဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။
အိပ်စက်တဲ့ပုံစံအနေအထား မမှန်တာကြောင့် ကလေးငယ်တေွဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လို့မရပဲ မသက်မသာခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတေွမှာလည်း လန့်နိုးပြီး အော်ငိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်တဲ့အခန်းအနေအထား မသန့်ရှင်းမှုနဲ့ လေကောင်းလေသန့်မရရှိရင်လည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ သင့်တော်တဲ့ အဝတ်အစားဝတ်ဆင်ပေးထားခြင်းမရှိတာကြောင့်နဲ့ အဖျားရောဂါတို့ကြောင့် ဒီလိုမျိုး ရုတ်တရက် လန့်နို့းပြီး အော်ငိုနိုင်ပါတယ်။ ကလေးမေမေတို့အနေနဲ့ ဒီအချက်တေွ သတိထားပြီး လိုက်နာမယ်ဆိုရင် သင့်ရဲ့ရင်သေွးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
HYA (kyarlay)