အိမ်ထောင်တစ်ခုမှာ မိသားစုဝင်တွေအားလုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိဖို့ လိုပါတယ်။
အိမ်ထောင်ကျပြီးလို့ သားသမီးမရသေးခင်တော့ တစ်ယောက်နဲ့တစ်ယောက် ပြဿနာတွေ ရှာတတ်ကြပေမယ့်
သားသမီးလေးတွေ ရလာတဲ့အခါမှာ အဖေနဲ့အမေက တစ်ယောက်နဲ့တစ်ယောက် အော်ငေါက်မယ် ဒေါသတကြီး ရိုက်ကြပုတ်ကြ ဆိုရင်တော့ ကြားထဲက ကလေးဟာ စိတ်ဒဏ်ရာရ စိတ်ထိခိုက်တာတွေ ရှိလာပါတယ်။
ကလေးငယ်တစ်ယောက်ဟာ ကျန်းမာဖို့ရယ် အာဟာရပြည့်ဝ စားဖို့ရယ်၊ စိတ်ထဲမှာပျော်ရွှင်ဖို့ဆိုတာက အမေရောအဖေရော သက်ဆိုင်တဲ့ အရေးကြီးတဲ့အချက်ပါ။
ကလေးဆိုတာရဲ့ သဘောသဘာဝက မိဘကဂရုစိုက် ချစ်တာကိုပဲ လိုချင်တာလေ။
မိဘတွေကိုယ်တိုင်က ရိုက်ကြပုတ်ကြနဲ့ ဆိုတော့ ကလေးကငယ်ငယ်လေးထဲက စိုးရိမ်စိတ်ကြောက်ရွံ့မှုတွေ ခံစားသွားမယ်။
မိဘဆီကဂရုစိုက်မှုလည်း မရဘူး။ ကလေးက အလိုမကျလို့ ဂျီကျရင်တောင် အဖေကပဲဖြစ်ဖြစ် အော်ငေါက်လိုက်မယ်၊ ရိုက်လိုက်မယ်ဆိုရင် ကလေးက မိဘတွေ အဆင်မပြေလို့ခံစားရတာရော သူ့ကိုရိုက်လို့ ခံစားရတာရောဆိုတော့ နှစ်ခါခံရတာပေါ့။
ကလေးများကို ရေရှည်ဘဝဖွံ့ဖြိုးမှုကောင်းမွန်ဖို့အတွက် ကလေးမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ မရှိအောင် မိဘတွေက ကလေးရှေ့မှာ အပြောအဆိုအနေအထိုင် ဆင်ခြင်ကြပါ။
ငါ့တို့ရန်ဖြစ်လိုက်ရင် နစ်နာပြီး စိတ်ဒဏ်ရာရမှာက ငါတို့ကလေးပါလားဆိုတဲ့ အတွေးလေးနဲ့ ကလေးရှေ့မှာ အထူးသတိထား ဆင်ခြင်ကြပါ။
ကလေးငယ်တွေ ခံစားရတဲ့ စိတ်ဖိစီးမှုနှင့် စိတ်အားငယ်မှုတွေဟာ တော်တော်ကို ဖြေရှင်းရခက်ပါတယ်။
မိဘတွေက ပြန်ဂရုစိုက် ပြန်ဖြည့်ဆီးပေးခဲ့ပေမယ့်လည်း ကလေးရဲ့ ဦးနှောက်ထဲမှာတော့ ဒဏ်ရာကျန်ခဲ့ပြီပေါ့။
အဲဒီကလေးရဲ့ စိတ်ဒဏ်ရာဟာ ဘာတွေနဲ့ မှ ကုစားမရပါဘူး။
၂နှစ်လောက်ကနေ ၈ နှစ်လောက်ထိ ဒီလိုခံစားဖူးတဲ့ ကလေးတစ်ယောက်ဟာ အသက် ၁၄ နှစ်လောက်မှာ အပေါင်းအသင်းတွေ ဆွဲခေါ်ရာနောက်ကို ရောက်သွားပါတယ်။
ကလေးက မိဘတွေကို မယုံကြည်တဲ့စိတ် သံသယစိတ်တွေဝင်သွားပါတယ်။
မိဘအပေါ်မှာလည်း ယုံကြည်မှုကင်းမဲ့သွားပြီး သူတစ်ခုခု အခက်အခဲဖြစ်သွားရင်လည်း မိဘတွေကိုရင်ဖွင့်မပြောပြတော့ဘဲ သူကိုယ်တိုင်သောင်းကျန်းတာမျိုးပြုလုပ်ပြီး ဖြေရှင်းတတ်ပါတယ်။
နောက်ပြီးသူ့စိတ်ထဲမှာမိဘတွေကိုယ်တိုင်က လမ်းညွှန်ပြသပေးထားတဲ့ ဒေါသအပြုအမှုနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းသွားမယ်။
နောက်ဆုံး ကလေးရဲ့စိတ်က ထစ်ခနဲ့ဆို ဒေါသနဲ့ဖြေရှင်းရမယ်လို့ပဲ သိထားတယ်။
တချို့ကလေးတွေမှာ အိမ်မှာ အဖေနဲ့ အမေနဲ့ ရန်ဖြစ်တာတွေကများသွားပြီး ကလေးဟာ အိမ်ကမိသားစုကို စိတ်မချဖြစ်သွားပြီး ကျောင်းတတ်တဲ့အခါမှာလည်း စိတ်မပါဘဲကျောင်းသွားရမှာကို ကြောက်ရွံ့နေပြီပေါ့။
ဒါကိုမိဘတွေက ဒီကလေးဟာ ကျောင်းပျင်းတဲ့ကလေးဆိုပြီး ပြောနေပေမယ့်လည်း ကလေးဟာဘယ်တော့မှ သူ့ခံစားချက်တွေကို ထုတ်ဖော်မပြောတော့ဘူး။
နောက်တစ်ခုက အဆင်ပြေတဲ့မိသားစုထဲက ကလေးတွေနဲ့တွေ့တဲ့အခါမှာ သူ့စိတ်ထဲမှာပိုပြီးတော့ သိမ်ငယ်စိတ်တွေ စိတ်ခံစားမှုတွေဖြစ်သွားပြီး စိတ်ဓာတ်ကျတတ်ပါတယ်။
ဒါဟာ မိဘတွေကြောင့်ဖြစ်တဲ့ ကလေးလေးအတွက် နောက်ဆက်တွဲ ပြဿနာတွေပါ။
ကလေးများကို ရေရှည်ဘဝဖွံ့ဖြိုးမှုကောင်းမွန်ဖို့အတွက် ကလေးမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမရှိအောင် မိဘတွေက ကလေးရှေ့မှာ အပြောအဆိုအနေအထိုင် ဆင်ခြင်ကြပါ။
ငါ့တို့ရန်ဖြစ်လိုက်ရင် နစ်နာပြီးစိတ်ဒဏ်ရာရမှာက ငါတို့ကလေးပါလားဆိုတဲ့ အတွေးလေးနဲ့ ကလေးရှေ့မှာ အထူးသတိထားဆင်ခြင်ကြပါ။
ဒါကြောင့်ကလေးများကို ရေရှည်ဘဝဖွံ့ဖြိုးမှုကောင်းမွန်ဖို့အတွက် ကလေးမှာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိရလေအောင်၊ ဖွံ့ဖြိုးမှုမှာ နောက်မကျရလေအောင် ကလေးများကိုရိုက်နှက်ဆုံးမတာမျိုး မလုပ်ရပါဘူး။ ကလေးတွေရှေ့မှာလည်း ဒေါသတကြီး ရန်ဖြစ်တာမျိုး မလုပ်ကြပါနဲ့လို့ပြောရင်းပဲ မိဘများလည်း ဆင်ခြင်နိုင်ကြပါစေ။
မှတ်ချက် ။ ။ မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး