မေမေတို့ရေ သားသားမီးမီးလေးတွေအိပ်ခါနီးအချိန်မှာ မေမေ၊ ဖေဖေတို့က အိပ်ယာဝင်ပုံပြင်လေးတွေပြောပြတတ်တယ်ဟုတ်။ မေမေတို့ရဲ့အိပ်ယာဝင်ပုံပြင်လေးတွေဟာ သားသားမီးမီးလေးတွေအတွက် ကောင်းမွန်စွာအိပ်စက်စေဖို့သာမဟုတ်ပါဘူး။ အိပ်ယာဝင်ပုံပြင်တွေက သားသားမီးမီးနဲ့ မေမေတို့ကြားက ရင်းနှီးချင်ခင်မှုတွေကို ပိုမိုပြီးဖြစ်ထွန်းစေနိုင်ပါတယ်။ ကလေးတွေက ၆ လအရွယ်လောက်မှာ သိတာတွေကို ပြန်လည်တုံ့ပြန်ပြောဆိုမှုမပြုလုပ်နိုင်သေးဘူးဆိုပေမယ့် သူတို့ရဲ့အသိတွေမှာ အားလုံးမှတ်သားနေနိုင်ကြပါပြီ။ အဲ့ဒီအတွက် မေမေတို့ပြောပြတဲ့ အိပ်ယာဝင်ပုံပြင်တွေကို သားသားမီးမီးလေးတွေမှတ်သားထားတဲ့အတွက် သူတို့ရဲ့ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်မှုတွေကို ပိုမိုဖြစ်ထွန်းစေပါတယ်။
နောက်ပြီးမေမေတို့က ပုံပြင်တွေပြောပြရင်း စာအုပ်လေးတွေနဲ့ ရုပ်ပုံလေးတွေကို တွဲဖက်ပြသပေးမယ်ဆိုိရင် သူတို့တွေရဲ့မှတ်ဉာဏ်အားကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ဖွံ့ဖြိုးကို အထောက်အပံ့ဖြစ်စေပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့ကသားသားမီးမီးလေးတွေအတွက် ပုံပြင်တွေရွေးချယ်ရာမှာ သူတို့လေးတွေအတွက် အကျိုးရှိစေမယ့်အကြောင်းအရာတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။
နားထောင်ကောင်းဖို့တင်မက စိတ်ကောင်းစေတနာရှိသူတွေရရှိတဲ့ အကျိုးရလဒ်နဲ့ တစ်ပါးသူအပေါ်မှာမကောင်းကြံသူတွေခံစားရတတ်တဲ့ ဆိုးကျိုး၊ ဆုတ်ယုတ်မှုတွေကို ဖော်ကျူးတဲ့ပုံပြင်မျိုးလေးတွေကို ရွေးချယ်ပေးသင့်ပါတယ်။ နောက်ပြီး တိရစ္ဆာန်အကောင်လေးတွေအကြောင်းပြောမယ်ဆိုရင်လည်း ရုပ်ပုံလေးတွေနဲ့ သူတို့တွေတွဲဖက်မှတ်သားသိရှိနိုင်အောင် ပြောပြပေးသင့်ပါတယ်နော်။
မေမေတို့ရေ နိုင်ငံတကာစစ်တမ်းတွေအရ ကလေးတွေကို စာဖတ်ပြတာ၊ ညဘက်အိပ်ယာမဝင်မှာ စာအုပ်တူတူဖတ်တာ၊ အိပ်ယာဝင်ပုံပြင်လေးတွေကို ပြောပြ၊ ဖတ်ပြပေးမှုခံစားရတဲ့ကလေးတွေဟာ အခြားကလေးတွေထက် ပိုမိုဖွံ့ဖြိုးထက်မြက်ကြသလို၊ ပိုမိုပြီးတော့လည်း လိမ္မာရေးခြားရှိကြပါတယ်တဲ့လေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး