အသက်ကြီးမှ ကိုယ်ဝန်ဆောင်တယ်ဆိုတာ 35 နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေကို ပြောတာဖြစ်ပါတယ်။
အမျိုးသမီး တစ်ယောက်ဟာ မိခင်ဖြစ်ဖို့၊ မျိုးဆက်ပွားဖို့ အကောင်းဆုံးအရွယ်က 20 ကျော်၊ 25 နှစ် ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်ကို လွန်မြောက်လာသည်နှင့် စိတ်ရော ၊ ခန္ဓာကိုယ်ရော၊ ရင့်ကျက်လာပြီမို့ မျိုးဆက်ပွား ဖို့အတွက် အကောင်းဆုံး အရွယ်ပဲ ဖြစ်ပါတယ်။
ဟိုအရင်က အဘိုးအဖွားတွေ လက်ထက်က ငယ်ငယ်ရွယ်ရွယ်နဲ့ သင့်တော်တဲ့သူနဲ့ အိမ်ထောင်ချ ကလေးတွေ စောစောမွေး စောစောအိမ်ရှင်မ ဘဝကိုရောက်ကြပေမယ့်၊
ယနေ့ ခေတ်မီတိုးတတ်လာကြပြီး ယောကျာ်းတွေ နဲ့ ရင်ဘောင်တန်း လာကြပြီး
ပညာတွေသင်ယူရင်း၊ စီးပွားရေးတွေလုပ်ရင်းနဲ့ပဲ အသက်တွေက တဖြေးဖြေး ကြီးလာခဲ့ပြီး
အိမ်ထောင်ရှင်သားမွေးဘက်ကို အရွယ်လွန်မှ စဉ်းစားဖြစ်ကြတာက များပါတယ်။ အိမ်ထောင်ကျ နောက်ကျရုံတင်မကဘဲကလေးယူဖို့ကလည်း သားဆက်ခြားနည်းလမ်းတွေကို သုံးကာ ကလေးမွေးမယ့် အချိန်တွေကို နောက်ဆုတ်ရင်း ဆုတ်ရင်းကနေ နောက်ကြသွားကြပါတယ်။
ဆေးရုံတွေမှာလည်း ကလေးမရလို့ ကလေးလိုခြင်လို့ အကူအညီလာတောင်းတဲ့ မိခင်တွေကလည်း အသက်ကြီးတဲ့ မိခင်တေွပဲဖြစ်ကြပါတယ်။
အဲ့ဒီလို အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာတွေဟာ တစ်နေ့တစ်ခြား ပိုများလာခဲ့ကြပါတယ်။
အသက်ကြီးမှ ကလေးယူတဲ့မိခင်တွေရဲ့ ပြဿနာ
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့မိခင်တွေဟာ ပထမဆုံး ကလေးရဖို့ ခက်ခဲတဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။
ကလေးရပြန်ရင်လည်း သူ့အလိုလို ပျက်ကျသွားတတ်တဲ့ အန္တရာယ်တွေက ပိုများပါတယ်။
နောက်ပြီး ခြေလက်အင်္ဂါ ချို့ယွင်းတာ၊ မျိုးရိုးဗီဇ လွဲမှားတာ ပိုဖြစ်တတ်ပါတယ်။
အသက်ကြီးတဲ့မိခင်တွေမှာက သာမန်နဲ့ မတူတဲ့ ပြဿနာက အမွှာကိုယ်ဝန်လေးတွေရနိုင်တာ၊
ပေါင်မပြည့်လမစေ့တဲ့ကလေးတွေ မွေးနိုင်ခြေကလည်း ပိုများတတ်ပါတယ်၊
ဗိုက်ထဲမှာ အလိုလိုနေရင်းကလေး သေဆုံးတတ်တယ်၊ မွေးပြီးရင်လဲ အဖက်မတင်တာတွေဖြစ်တတ်ပါတယ်၊
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မိခင်ရဲ့ သားအိမ်ထဲမှာ အသားလုံးတွေ တွေ့ရတတ်တယ်၊
နောက်ပြီး အရပ်ထဲမှာ ဒေါင်းလေးလို့ ခေါ်တဲ့ ဉာဏ်ရည်မမှီတဲ့ ကလေးတွေ မွေးဖွားတတ်ပါတယ်၊
ဒေါင်းလေးဆိုတာက မျိုးရိုးဗီဇ ပုံမမှန်တဲ့ကလေးတွေ မွေးဖွားလာကြတာကို ပြောတာပါ။
ဒေါင်းလေးတွေရဲ့ ဉာဏ်ရည်ဟာ သာမန်ကလေးတွေရဲ့ ဉာဏ်ရည်ထက် ပိုနိမ့်ကျပါတယ်။
မွေးရာပါ နှလုံးရောဂါ ပါနိုင်ခြင်း၊ မွေးရာပါ အူလမ်းကြောင်းကျဉ်းမြောင်းတဲ့ရောဂါ၊
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေရဲ့ ကလေးတွေဟာ မျက်စိအမြင်ချို့တဲ့တာ၊ နားအာရုံချို့တဲ့တာ ၊ မျက်စိကလေးတွေက ခပ်စွေစွေစောင်းစောင်း၊ ၊ နှာခေါင်းက ပြားပြား၊ လျှာလေးက တစ်လစ်နဲ့ IQ လို့ခေါ်တဲ့ ဉာဏ်ရည်နိမ့်တဲ့ ကလေးတွေ စတဲ့ ချို့ယွင်းချက်များနဲ့ မွေးလာနိုင်ပါတယ်။
သူတို့လေးတွေက ပုံမှန် ကလေးတွေနဲ့ အတူ ကျောင်းတတ်လို့တော့ မရဘူး ၊
သူတို့လေးတွေ အတွက်က သီးသန့် ကျောင်းတွေတော့ရှိပါတယ်။
ဒေါင်းလေးတွေဟာ မိခင်အသက်ကြီးလေ ပိုဖြစ်တတ်လေပါပဲ။
အသက် ၃၅ နှစ်မှ ကိုယ်ဝန်ဆောင်ရင် ၄၀၀ယောက် မှာ ၁ ယောက်၊
အသက် ၄၀ နှစ်မှ ကိုယ်ဝန်ဆောင်ရင် ၁၀၀ယောက် မှာ ၁ ယောက်၊
အသက် ၄၆ နှစ်မှ ကိုယ်ဝန်ဆောင်ရင် ၂၅ယောက်မှာ ၁ ယောက်၊ ပါနိုင်ပါတယ်။
အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မိခင်လောင်းတွေကို အကြံပြုချင်တာက ကိုယ်ဝန်ရှိကတည်းက ဒီရောဂါ ပါမပါ စစ်ဆေးလို့ရပါတယ်၊
ပထမ အဆင့်က Untrasound နဲ့ Nuchal Translucancy လို့ခေါ်တဲ့ကလေးရဲ့ လည်ဂုတ်နေရာလေးကို ကိုယ်ဝန် ၂လ ၃လ ကြားမှာ တိုင်းထွာလို့ရပါတယ်။
သေွးဖောက်ပြီး ပါဝင်တဲ့ ဓာတ် သုံးမျိုးလေးမျိုးကို တိုင်းတာပြီး ဒေါင်းလေး ဖြစ်နိုင်ခြေ ဘယ်လောက်များလဲဆိုတာ တွက်ချက်လို့ရပါတယ်။
နည်းရင်တော့ ဘာမှဆက်လုပ်စရာမလိုဘူး အကယ်၍ များခဲ့မယ်ဆိုရင်တော့ ကလေးရဲ့ ပတ်ပတ်လည်က ရေမွှာရည်ကို ဖောက်ယူပြီး မျိုးရိုးဗီဇကို အတိအကျ စစ်ဆေးလို့ရတယ်၊
ဒီကလေးက ဒေါင်းလေးမွေးဖို့သေချာနေပြီဆိုရင်သေချာစဉ်းစားရမယ့်အချက်က ဒီကလေးကို ယူမလား၊ မယူချင်ဘူးလားဆိုတဲ့ အချက်ပဲ ၊
မယူချင်ရင် ဖျက်ချဖို့အတွက် မြန်မာနိုင်ငံမှာက ခွင့်မပြုထားဘူး ဆိုတော့ မွေးရမှာပဲ မွေးပြီးရင်တော့ ဒီကလေးကို လိုအပ်သလို ပြုစုစောင့်ရှောက်ဖို့ဘဲ ပြင်ဆင်ရတော့မှာပါ။
ဒါကြောင့် အသက်ကြီးမှ ကိုယ်ဝန်ဆောင်တဲ့ မေမေတို့ရေ ကိုယ်ဝန်ရလာပြီဆိုရင်လည်း ဗိုက်ကို စောစော အပ်ဖို့နဲ့ ၊ မွေးတဲ့အခါမှာလည်း ပစ္စည်းတွေစုံလင်တဲ့ ဆေးရုံတွေမှာပဲ မွေးသင့်ပါတယ်လို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ဧပြီလ 2017ထုတ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး