မေမေတို့ရေ သားသားမီးမီးလေးတေွကို အိပ်ယာဝင်ပုံပြင်လေးတေွနဲ့ ကြီးပြင်းစေတဲ့နေရာမှာ ယုန်နှင့်လိပ်ပုံပြင်လေးကိုလည်း မဖြစ်မနေပြောပြသင့်ပါတယ်နော်။ ဒီပုံပြင်လေးကတော့ သားသားမီးမီးလေးတေွရဲ့ အသိထဲမှာ ဘယ်သူ့ကိုမှအထင်မသေးဖို့၊ မပျင်းမရိစေဖို့နဲ့ ဇွဲရှိရှိနဲ့ မဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အရာရာကိုအောင်နိုင်စေနိုင်တယ်ဆိုတဲ့ အသိလေးတေွကို စွဲကပ်စေနိုင်လို့ပါနော်။ ကဲ သားသားမီးမီးလေးတို့ရေ "ယုန်နဲ့လိပ်" ပုံပြင်လေးကို ကျားလေးက ပြောပြပေးမယ်နော်။
တစ်နေ့တောအုပ်ကြီးတစ်ခုထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ ယုန်လေးတစ်ကောင်က တစ်ရေွ့ရေွ့နဲ့ ရေကန်ကနေ တက်လာတဲ့ လိပ်လေးတစ်ကောင်ကို တေွ့တယ်တဲ့။ အဲ့ဒီအချိန်မှာပဲ ယုန်ကလိပ်ကိုတေွ့တော့ ဟက်ဟက်ပက်ပက်ရယ်မောမိသတဲ့။ ဒါကိုမြင်တဲ့လိပ်ကလေးက " သင်က ကျွနု်ပ်ကိုဘာကြောင့်ရယ်ပါသလဲ" လို့မေးတော့တာပေါ့။ အဲ့ဒီအချိန်မှာ ယုန်လေးက "ဘာရယ်မဟုတ်ပါဘူးကွာ။ ငါကမင်းလောက်သွားတာလာတာ နေှးတဲ့ကောင်မျိုးမတေွ့ဖူးလို့ပါကွာ။ ငါဆိုရင် ဘယ်လောက်မြန်သလဲ။ မင်းလို နေှးတုံ့နေှးတုံ့ကောင်မျိုးမဟုတ်ဘူးကွ" လို့ပြောသတဲ့။ အဲ့ဒီလိုပြောတော့ လိပ်ကလေးကမခံနိုင်ဖြစ်သွားတာပေါ့။ ဒါနဲ့ပဲ "ငါ့ကို ဒီလိုမပြောနဲ့ကွ။ မင်းကိုယ်မင်းသိပ်မြန်တယ်ထင်ရင် ငါနဲ့အပြေးပြိုင်မလား" လို့ စိန်ခေါ်လိုက်တာပေါ့။
ဒီအချိန်မှာတော့ ယုန်လေးကထပ်မံရယ်မောလိုက်ပြီး "ငါက နိုင်မယ်မှန်းကြိုသိနေတဲ့အရာတစ်ခုကို မင်းက ငါ့ကိုစိန်ခေါ်တယ်ပေါ့။ ငါနိုင်မယ်ဆိုတာ သိပေမယ့် မင်းက သိပ်ကိုအရှုံးပေးချင်နေတော့လည်း ပြိုင်ကြတာပေါ့ကွာ" လို့ပြောပြီး လိပ်ကလေးစိန်ခေါ်မှုကိုလက်ခံလိုက်တော့တာပေါ့။ ပြိုင်ပွဲနေ့မှာတော့ ဦးမြေခေွးကြီးက သူတို့နှစ်ကောင်အတွက် ဒိုင်လူကြီးလုပ်ပေးတယ်တဲ့။ တောထဲမှာရှိတဲ့ အခြားတိရစ္ဆာန်လေးတေွကလည်းသူတို့ရဲ့ပြိုင်ပွဲကို စိတ်ဝင်တစားနဲ့ လာကြည့်ကြတာပေါ့။
ပြိုင်ပွဲမှာ စတင်ပြီးတာလွှတ်လိုက်ပြီဆိုကတည်းက ယုန်ကလေးက ပြေးထွက်သွားပေမယ့် လိပ်ကလေးကတော့ သူ့ထုံးစံအတိုင်း ပြေးသွားတယ်ဆိုပေမယ့် အများအမြင်မှာတော့ နေှးနေှးကေွးကေွးနဲ့ တရေွ့ရေွ့သွားနေတော့တာပေါ့။ ဒီလိုနဲ့ပဲ လိပ်ကလေးနဲ့ ယုန်ကလေးဟာ တော်တော်လေးကို ဝေးကွာသွားတော့တာပေါ့။ လမ်းတဝက်ကျော်လောက်မှာတော့ ယုန်လေးက အနောက်ကိုလှည့်ကြည့်သတဲ့။ ဟိုးဝေးဝေးမှာတရေွ့ရေွ့လာနေတဲ့ လိပ်ကလေးကို ယုန်လေးက မှုန်ပျပျလေးသာ မြင်တော့တယ်တဲ့။ အဲ့ဒါနဲ့ပဲ နေကပူပူ လမ်းမှာပြေးလာရတာလည်းမောမောနဲ့ဆိုတော့ ယုန်လေးက "အင်း ငါတရေးတော့ အိပ်လိုက်ဦးမှပါ။ ဒီလိပ်သွားပုံနဲ့ ငါတရေးနိုးပြီးဘယ်ချိန်ထပြေးပြေး သူ့လောက်ကတော့ အသာလေးအနိုင်ရပါတယ်" လို့တေွးပြီး ပြေးလမ်းဘေးက အရိပ်ကောင်းကောင်းသစ်ပင်ကြီးတစ်ပင်ကို မှီပြီး အိပ်တော့တာပေါ့။
လိပ်ကလေးကတော့ သူ့ရဲ့ပြေးနိုင်တဲ့အင်အားနဲ့ မရပ်မနားတရေွ့ရေွ့နဲ့ပြေးနေသတဲ့။ ယုန်လေးအနားယူနေတဲ့အနီးကနေဖြတ်သွားတော့လည်း သူတောင်နားနေသေးတာ ငါလည်းနားဦးမှပါဆိုတဲ့ စိတ်ကိုမတေွးဘဲ နေပူပူအောက်မှာ မရပ်မနားဘဲ အားသွန်ခွန်စိုက်နဲ့ ကြိုးစားပြီး ပန်းတိုင်ကိုပဲဦးတည်သွားနေတော့တာပေါ့။
နောက်ဆုံးမှာတော့ ယုန်လေးကအိပ်ယာကနိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ပန်းတိုင်နားကိုရောက်နေပြီဖြစ်တဲ့လိပ်ကလေးကို လှမ်းတေွ့တော့တာပေါ့။ အဲ့ဒါနဲ့ပဲ ယုန်ကလေးက အရှိန်နှုန်းအမြင့်ဆုံးနဲ့ ပန်းတိုင်ဆီကိုရောက်အောင် အပြေးအလွှားသွားတော့တာပေါ့။ ဒါပေမယ့်လည်း ယုန်ကလေးပန်းတိုင်ထဲမဝင်မီမှာပဲ လိပ်ကလေးက ပန်းတိုင်ကိုရောက်သွားပြီး ယုန်လေးကို ပန်းတိုင်ကနေ စောင့်နေသတဲ့ကွယ်။
သားသားမီးမီးလေးတို့ရေ ဒီပုံပြင်လေးမှာတော့ ယုန်လေးက လိပ်ကလေးထက်မြန်ဆန်ပြီး အားသာချက်တေွရှိနေတယ်ဆိုပေမယ့် လိပ်ကလေးကတော့ အလေှျာ့မပေးဘဲ ကိုယ့်ရဲ့ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး မဆုတ်မနစ်ဘဲ ဇွဲရှိရှိကြိုးစားမှုကြောင့် အနိုင်ရရှိခဲ့တယ်နော်။ ယုန်ကလေးကတော့ သူ့ရဲ့အားသာချက်ကို အထင်ကြီးစိတ်ဝင်ပြီး အားနည်းသူအပေါ်မှာ အထင်သေးစိတ်နဲ့ ဇွဲ၊ လုံ့လမရှိတာကြောင့် နောက်ဆုံးမှာ အရံှုးနဲ့ရင်ဆိုင်ရတယ်ဆိုတာကို မှတ်သားထားရမယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)