ကျားလေးရဲ့ မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာသတိပြုဖို့ လိုအပ်တာလေးတွေကို သတိတစ်ချက်ထားမိသွားစေဖို့ ဖော်ပြပေးချင်ပါတယ်။ ကိုယ့်ရင်သွေးအတွက် မေမေတွေတိုင်းက စိုးရိမ်မှုတွေရှိတတ်ကြမှာပါ။ ဂရုတစိုက်နဲ့ ရင်သွေးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ကြားကပဲ ပုံမှန်မဟုတ်တဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ မေမေလောင်တို့လည်းဒီလိုအခြေအနေတွေနဲ့ ကြုံတွေ့လာရတယ်ဆိုရင် သေချာဂရုပြုကြဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ကိုယ်ဝန်ရှိရက်နဲ့ သွေးဆင်းလာမယ်ဆိုရင်
မေမေတို့ရေ ကိုယ်ဝန်ရှိရက်နဲ့သွေးဆင်းနေတယ်ဆိုတာ သဘာဝမဟုတ်ပါဘူးနော်။ လနုတုန်းဆင်းမယ်ဆိုရင် ကလေးပျက်ချင်သလိုဖြစ်တာလား။ စပျစ်သီး သန္ဓေလား။ ဥပြွန်မှာ သန္ဓေတည်တာလား။ တစ်ခုခုဖြစ်နိုင်သလို လရင့်မှဖြစ်တာဆိုရင်တော့ အချင်းကွာတာ၊ အချင်းပုံမှန်နေရာမရှိဘဲ အောက်မှာခံနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသွေးဆင်းတယ်ဆိုတာ မေမေလောင်းတွေအတွက်ရော ရင်သွေးလေးအတွက်ရော အန္တရာယ်ရှိတာမို့လို့ နီးစပ်ရာဆေးရုံ ဆေးခန်းတွေကို အမြန်သွားရောက် ပြသဖို့အတွက် အကြံပြုလိုက်ပါတယ်နော်။
လရင့်တဲ့ကလေး သိပ်မလှုပ်ဘူးဆိုရင်
မေမေလောင်းတို့ရေ ကိုယ့်ရဲ့ကိုယ်ဝန်က လရင့်နေပြီ။ ကလေးလှုပ်ရှားမှုလည်း ရှိနေပြီ။ အဲ့ဒီနောက်ပိုင်းမှာမှ ကလေးက သိပ်ပြီးလှုပ်ရှားမှုမရှိတော့ဘူးဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမှာ ဖြစ်နေနိုင်ပါတယ်။ ကလေးအတိုးနည်းတာ သေချာတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။ အဲ့ဒီလိုဖြစ်တာကတော့ ကလေးက နေသိပ်မကောင်းတာကြောင့် အတိုးနည်းနေတာပါ။ အဲ့ဒီအခြေအနေမျိုးမှာ အချိန်မီကုသမှုမခံယူဘူးဆိုရင်တော့ ကလေးသေသွားတတ်ပါတယ်။ တစ်ခုရှိတာကတော့ လအရမ်းရင့်သွားပြီဆိုရင် ကလေးထွားလာပြီး ဗိုက်ထဲမှာ နေရာကြပ်သွားလို့ ကလေးတိုးအားလျော့တာမျိုးရှိတတ်တယ်ဆိုပေမယ့် အကြိမ်အရေအတွက်တော့ လျော့မှာမဟုတ်ပါဘူး။ တကယ်လို့ တိုးတဲ့အကြိမ်နည်းသွားပြီဆိုရင်တော့ အန္တရာယ်အခြေအနေလို့သတ်မှတ်ပြီး နီးစပ်ရာဆေးရုံဆေးခန်းတွေကို သွားရောက်ကြဖို့လိုပါတယ်နော်။
မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို သေသေချာချာဂရုစိုက်ဖို့အတွက် အကြံပြုလိုက်ပါတယ်နော်။ ကိုယ့်ရဲ့ရင်သွေးလေးကို သွေးခဲလေးကစတင်ပြီး တစ်ဆင့်တစ်ဆင့်နဲ့ ကြီးထွားလာချိန်အထိကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ခံစားရတဲ့ ဝေဒနာတွေက သားသမီးအတွက်ဆိုတဲ့ စိတ်နဲ့ပဲ မေမေတွေအားလုံးရင်ဆိုင်ဖြတ်သန်းနေကြတာမဟုတ်လား။ အဲ့ဒီအတွက်လည်း မေမေတွေအားလုံး ကျန်းမာလှပပြီး ရင်သွေးငယ်လေးတွေကို ကျန်းကျန်းမာမာမွေးဖွားသန့်စင်နိုင်ဖို့အတွက် ကျားလေးအဖွဲ့သားတွေက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
(မေ့ရင်သွေး မဂ္ဂဇင်းရဲ့ မေးလိုရာမေး မေ့ရင်သွေးကဏ္ဍမှ ကောက်နုတ်ဖော်ပြအပ်ပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး