မေမေတို့ရေ ဘေဘီလေးတွေကို နို့ချိုတိုက်ကျွေးပြီးတဲ့အခါ မိခင်နို့အုံမှာ နို့ရည်ကျန်တောမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုနို့ကျန်တွေကို ဘယ်လိုညှစ်ထုတ်နိုင်မယ်ဆိုတဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။
>> မေမေတို့ရေ နို့ကျန်တွေကို ညှစ်ထုတ်မယ်ဆိုရင်တော့ အရင်ဆုံး လက်ကို စင်ကြယ်အောင် ဆေးကြောပေးပါနော်။
>> ပြီးရင်တော့ နို့ခံမယ့်ခွက်ကို ဆေးကြောပြီး နို့အုံနားမှာထားပေးရမှာပါ။
>> အဲ့ဒီနောက်မှာတော့ လက်မကိုနို့အမည်းကွင်းအထက်မှာထားပြီး လက်ညှိုးနဲ့ လက်ချောင်းတွေကို အမည်းကွင်းအောက်လက်မနဲ့ တစ်ဖက်စီထားပေးရမှာပါ။
>> ပြီးတဲ့အခါမှာတော့ လက်မနဲ့ လက်ချောင်းတွေကို ရင်ဘတ်ဘက်ကိုဖိပြီး နို့သီးချောင်းနောက်ဘက်ကနေ အမည်းကွင်းကို လက်မနဲ့လက်ချောင်းနှစ်ခုကြားကနေ ညှစ်ပေးရမှာဖြစ်ပါတယ်။
အဲ့ဒီလိုညှစ်တဲ့အခါမှာတော့ ညှစ်လိုက်လျှော့လိုက်လုပ်ပြီး နေရာပြောင်းလဲညှစ်ပေးဖို့တော့လိုပါတယ်နော်။ အစပိုင်းမှာ နို့ရည်မထွက်ရည်လည်း စိတ်မပူပါနဲ့။ နှစ်ကြိမ် သုံးကြိမ်ဖိပြီးရင်တော့ နို့ရည်ထွက်လာပါလိမ့်မယ်။ နို့အုံတစ်ဖက်ကို အနည်းဆုံးသုံးမိနစ်ကနေ ငါးမိနစ်ကြာအောင်တော့ ညှစ်ပေးပါနော်။ မိခင်နို့ရည်ကို လုံလောက်အောင် ညှစ်ထုတ်ပစ်နိုင်ဖို့အတွက်ဆိုရင်တော့ မိနစ် (၃၀) လောက်တော့ အချိန်ပေးရမှာပါ မေမေတို့ရေ။
မေမေတို့ရေ ဒီနည်းလမ်းလေးကတော့ အခြားပစ္စည်းကိရိယာတွေရဲ့အကူအညီမလိုဘဲ ကိုယ်တိုင်နို့ရည်ညှစ်ထုတ်လိုတဲ့ မေမေတွေအတွက် နည်းလမ်းလေးမျှဝေပေးတာပါနော်။ တကယ်လို့ ဘေဘီလေးအတွက် အချိန်တွေပိုပေးချင်လို့ ဒီအတွက်အချိန်တွေ အများကြီးမပေးချင်ဘူးဆိုတဲ့ မေမေတွေအတွက်ကတော့ နို့ရည်စုပ်ယူခွက်လေးတွေကို အသုံးပြုပြီး မေမေတို့က အလွယ်တကူဆောင်ရွက်လို့လည်းရပါတယ်နော်။ ဘေဘီလေးတွေ တစ်ကြိမ်နဲ့တစ်ကြိမ် နို့ရည်သောက်သုံးမှုမှာ နို့ချိုအသစ်တွေကိုသာ သောက်သုံးနိုင်ဖို့ မေမေတို့အတွက် အထောက်အကူပြုပေးနိုင်မယ်ဆိုရင်ပဲ ကျေနပ်ပါပြီနော်။
(မေ့ရင်သွေး မဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး