မေမေတို့ရေ ကလေး လေနာရောဂါက သားသားလေးတွေရော မီးမီးလေးတွေရော ဖြစ်ပေါ်တတ်ပါတယ်။ တကယ်လို့များ ကိုယ့်ရဲ့ဘေဘီလေးတွေက တစ်ရက်ကိုသုံးနာရီ၊ တစ်ပတ်ကို သုံးရက်နဲ့ သုံးပတ်လောက်အကြောင်းအရာ မယ်မယ်ရရမရှိဘဲ ငိုနေမယ်ဆိုရင် ကလေးလေနာရောဂါ ဖြစ်နိုင်ပါတယ်။ မေမေတို့ရေ ဘေဘီလေးရဲ့အသက်က ၂ ပတ်နဲ့ ၄ လကြားမှာရှိနေပြီး အခြားရောဂါလက္ခဏာလည်း ကြီးကြီးမားမားမရှိဘဲ နို့လည်းကောင်းကောင်းစို့တယ်၊ မငိုတဲ့အချိန်မှာဆိုရင် အကောင်းပကတိအတိုင်းရှိနေမယ်ဆိုရင်တော့ ကလေးလေနာရောဂါ ဖြစ်နိုင်ချေများနေပါပြီနော်။
မေမေတို့ရေ ကလေးမှာ လေနာရောဂါဝေဒနာကို ခံစားနေရပြီဆိုရင်တော့ ညဘက်တွေပါမကျန် ကလေးက စူးစူးဝါးဝါးငိုတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြနေပြီဆိုရင်တော့ တချို့တွေက ဆရာဝန်လက်မှတ်မလိုဘဲ ပြင်ပမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဂရိုက်မစ်ချာ၊ အဲယားအိပ်စ်၊ ရင်လူးဆေးတွေကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆေးတွေက ကလေးငယ်ရဲ့ဝေဒနာကို ပျောက်ကင်းဖို့ ၅၀ ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။ တော်ရုံဖြစ်တတ်တဲ့ ဝေဒနာအတွက်ကတော့ ဆေးမပေးဘဲနဲ့ ချော့သိပ်တာ၊ ကျောပြင်နဲ့ ရင်ဘတ်ကို ပွတ်သပ်ပြီး နှိပ်နယ်ပေးတာတွေ ပြုလုပ်ပြီး ဂရုစိုက်ပေးလိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။
မေမေတို့ရေ တစ်ခုသတိထားရမှာကတော့ အသည်းအသန်ငိုနေတဲ့ ကလေးတွေမှာ ၅ ရာခိုင်နှုန်းလောက်က ပင်မရောဂါကြီးအခံတစ်ခုခု ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကလေးက ဘယ်လိုပဲချော့ချော့ အငိုမတိတ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တစ်ကြိမ်လောက်တော့ ပြသကြည့်ပါနော်။ ဒါမှလည်း တခြားရောဂါတစ်ခုခုရှိနေမယ်ဆိုရင် အချိန်မီကုသပေးလို့ရနိုင်မှာပါ။ ရိုးရိုးလေနာတာဆိုရင်တော့ သာမန်လေဆေးနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု၊ နှစ်သိမ့်မှုပေးလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ပျောက်ကင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။ မေမေတွေအားလုံးလည်း သတိပြုပြီး ဘေဘီလေးတွေရဲ့ ဝေဒနာကို လျှော့ချပေးနိုင်ပါစေနော်။
(မေ့ရင်သွေး မဂ္ဂဇင်းတွင် ဖော်ပြသသော ဒေါက်တာအောင်ကြည်ဝင်းရေးသားသည့် ငိုယိုနှိပ်စက်အိပ်ရေးပျက်ဆောင်းပါးမှ ကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး