အာလူးဟာ လူကြိုက်များလှတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း များစွာသော အထောက်အကူတေွ ရရှိစေမှာဖြစ်တာကြောင့် ပုံစံအမျိုးမျိုးပြုလုပ်ကာ စွဲစွဲလမ်းလမ်းနဲ့ကို စားသုံးကြတာကို တေွ့ရပါတယ်။ သာမန်လူတေွစားသုံးရင် အကြောင်းမဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တေွ ပမာဏများများ စားသုံးလိုက်မိပြီဆိုရင်တော့ ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။
၁၀နှစ်တာကာလအတွင်း လေ့လာထားခဲ့တဲ့ အချက်အလက်တေွအရ အာလူးပါဝင်တဲ့ အစားအစာတေွကို အများအပြား စားသုံးမိတဲ့ ကိုယ်ဝန်ဆောင်မိခင်တေွမှာ ကိုယ်ဝန်ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ ရှိနေပါတယ်။ ကိုယ်ဝန်ဆီးချိုရောဂါဟာ မိသားစုရာဇဝင် ၊ ဆေးလိပ်နဲ့အရက်သောက်သုံးခြင်း ၊ အသက်အရွယ်နဲ့ ကိုယ်လက်လှုပ်ရှားမှုတေွကြောင့်သာ အဖြစ်များလေ့ရှိတဲ့ ရောဂါတစ်မျိုးပါ။
ကိုယ်ဝန်ဆီးချိုရောဂါဟာ သေွးအတွင်း ဂလူးကို့စ်ဓာတ် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အာလူးပမာဏ အများအပြား စားသုံးလိုက်ချိန်မှာတော့ သေွးအတွင်းမှာ ဂလူးကို့စ်ဓာတ် မြင့်တက်လာတာကြောင့် ကိုယ်ဝန်ဆီးချိုဖြစ်နိုင်ခြေပါ မြင့်မားလာခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆီးချိုဟာ ရောဂါလက္ခဏာ အများအပြားမရှိပေမယ့်လည်း မကြာခဏရေငတ်ပြီး ဆီးလည်း ခဏခဏ သွားချင်နေမယ်ဆိုရင် ကိုယ်ဝန်ဆီးချိုဖြစ်ဖို့ အခွင့်အလမ်းများနေပါပြီ။
ကိုယ်ဝန်သက်တမ်း ၂၄ပတ်နဲ့ ၂၈ပတ်အကြားမှာ ကိုယ်ဝန်ဆီးချိုရောဂါ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ အဝလွန်နေတဲ့သူတေွ ၊ မိသားစုထဲမှာ ဆီးချိုရောဂါဖြစ်ဖူးသူရှိခဲ့ရင် ၊ အသက်၂၅နှစ်အထက် ကိုယ်ဝန်ဆောင်တေွမှာ ကိုယ်ဝန်ဆီးချိုရောဂါ အဖြစ်များတာကိုလည်း တေွ့ရပါတယ်။
ဒ့ါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အာလူးစားသုံးတဲ့အခါ ပမာဏအများကြီး မစားဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။
HYA (kyarlay)