မေမေတို့ရေ ကလေးကညဘက်မှာ အိပ်ယာကထပြီး လမ်းလျှောက်တတ်၊ ညဘက်မှာ ယောင်ယမ်းပြီး ထထသွားတတ်တယ်ဆိုတာမျိုးပြောဆိုကြတာ ကြားဖူးကြမှာပါနော်။ အချို့မိဘတွေဆိုရင်တော့ ကိုယ်တိုင်ကြုံတွေ့ကြရဖူးမှာပါ။ အချို့တွေကတော့ ညဘက်တွေမှ လမ်းထလျှောက်တာ၊ အိပ်ယာထဲကထသွားပြီးအပြင်ထွက်သွားတာ၊ ကားပေါ်တက်သွားတာ၊ အချို့အသက်ကြီးတဲ့သူတွေဆိုရင် ကားမောင်းထွက်သွားတတ်တာ၊ မီးဖိုချောင်ဘက်ထသွားတတ်တာမျိုးတွေရှိတတ်ကြပါတယ်။ လူကအိပ်ယာနိုးပြီးသွားတာမျိုးမဟုတ်ဘဲ မသိစိတ်ကနေသွားလာလှုပ်ရှားနေတာမျိုးပါ။ အသိစိတ်မပါဝင်ဘဲ မသိစိတ်ရဲ့လှုပ်ရှားမှုတစ်မျိုးပါ။ အဲ့ဒီလိုမျိုးအခြေအနေတွေကတော့ ဆယ်ကျော်သက်မတိုင်မီအရွယ်တွေမှာ ပိုမိုအဖြစ်များတတ်တယ်လို့ ဆေးသုတေသနပြုချက်တွေအရ သိရပါတယ်။
တကယ်တော့အဲ့ဒီလို အိပ်မက်ယောင်သွားလာတတ်တာမျိုးတွေဟာ အိပ်စက်တဲ့ပုံစံမမှန်ကန်တာ၊ အိပ်စက်ချိန်မမှန်တာနဲ့ အတွေးတွေ၊ စဉ်းစားတာတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေရှိနေသူတွေမှာဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။ အချို့တွေကတော့ မျိုးရိုးဗီဇကြောင့်လည်း အဲ့ဒီလိုအိပ်မက်ယောင်သွားလာတတ်တာမျိုးတွေရှိတတ်ပါတယ်တဲ့။ မျိုးရိုးလိုက်တာမျိုးလည်းရှိလို့ ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ အဲ့ဒီလိုဖြစ်ပွားတတ်တာမျိုးရှိရင်တော့ ကိုယ့်ရင်သွေးလေးရဲ့ အိပ်စက်ချိန်တွေကို အသေအချာလေး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။
တစ်ခါတစ်ရံမှာတော့ အဖျားကြီးပြီး အပူကြီးတဲ့ကလေးတွေမှာ ဒီလိုလက္ခဏာအခြေအနေတွေဖြစ်ပေါ်တတ်ပါသေးတယ်။ အခုလိုအခြေအနေမျိုးတွေက အန္တရာယ်များတယ်ဆိုပေမယ့် အရမ်းကြီးလည်းစိုးရိမ်ထိတ်လန့်နေဖို့မလိုပါဘူးနော်။ မေမေတို့အနေနဲ့ သေချာဂရုစိုက်ပေးပြီး ညအိပ်ယာမဝင်မီမှာ ရွှင်လန်းစွာအိပ်စက်အနားယူနိုင်စေဖို့ ဂရုစိုက်ပေးရုံနဲ့တင် ပျောက်ကင်းစေနိုင်ပါတယ်။ ဒီလိုဂရုစိုက်မှုတွေပြုလုပ်ပေးပေမယ့်လည်း ပျောက်ကင်းမသွားဘူးဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်လားဆိုတာကိုတော့ ဆရာဝန်နဲ့ပြသစစ်ဆေးပေးဖို့လိုပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး