ကျားလေးရဲ့ဖေဖေ၊ မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ကြပေမယ့် မမေးရဲတဲ့မေးခွန်းတချို့ရှိနေပါသတဲ့။ တစ်ခုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အမျိုးသားနဲ့လိင်ဆက်ဆံခြင်းကိစ္စပါ။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်၊ ကိုယ်ဝန်မွေးဖွားပြီးချိန်တွေ ဘယ်အချိန်လောက်မှာ အမျိုးသားနဲ့ဆက်ဆံနိုင်မယ်ဆိုတာလေးကို မေ့ရင်သွေးမဂ္ဂဇင်းမှာဖော်ပြထားတဲ့ ပြောဖို့ မေးဖို့မရဲတဲ့ မေးခွန်းတွေနှင့် ကိုယ်ဝန်ဆောင်မိခင်ဆိုတဲ့ ခေါင်းစဉ်လေးအောက်ကနေ ဒေါက်တာသင်းသင်းအောင်ရဲ့ ပြောပြဆွေးနွေးချက်လေးတွေကို ကျားလေးရဲ့ မေမေ၊ ဖေဖေတို့လေ့လာနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ဖေဖေ၊ မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်ကာလ ပထမ ၁၂ ပတ်မှာ အချင်းက ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက် ကိုယ်ဝန်ခိုင်၊ မခိုင်ဆိုတာကို ပြောရခက်ပါတယ်။ အဲ့ဒီအတွက် ကိုယ်ဝန်ဆောင်မေမေနဲ့ ခင်ပွန်းသည်ဆက်ဆံရေးကို ကိုယ်ဝန် ၄ လလောက်မှာရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်က အချင်းမဖြစ်သေးမီမှာ ကိုယ်ဝန်ပျက်လုပျက်ခင်ဖြစ်နိုင်တာ၊ ခိုင်၊ မခိုင်ဆိုတာကို မတိကျသေးတာကြောင့်ပဲ ဖြစ်ပါတယ်တဲ့။ အဲ့ဒါကြောင့် ကိုယ်ဝန် ၁၂ ပတ်လောက်အထိ ရှောင်ရှားပြီး ၁၃ ပတ်ကျော်လို့ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၂ ရာနှုန်းအောက်ရောက်သွားတဲ့အခါမျိုးမှာမှ ဗိုက်ကိုတိုက်ရိုက်မထိတဲ့ အနေအထားမျိုးနဲ့ ခင်ပွန်းသည်နဲ့အတူ ဆက်ဆံနိုင်တာဖြစ်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ အဲ့ဒီလိုအနေအထားနဲ့ဆက်ဆံနိုင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်စဉ် ရေမွှာပေါက်တာတို့၊ သွေးဆင်းတဲ့ပြဿနာတို့ရှိခဲ့မယ်ဆိုရင်တော့ အမျိုးသားနဲ့ဆက်ဆံမှုကိုရှောင်ရှားချိန်မှာ အမျိုးသားရဲ့ သုတ်ရည်ထဲမှာ ကူးစက်ရောဂါပိုးပါ၊ မပါဆိုတာမသိနိုင်တဲ့အပြင် မွေးလမ်းကြောင်းထဲမှာ ထိခိုက်ရှနာမရှိသင့်တာမို့လို့ အဲ့ဒီအချိန်တွေမှာ ရှောင်ရှားသင့်တာလည်း ဖြစ်ပါတယ်တဲ့။ အဲ့ဒါကြောင့် ဖေဖေ၊ မေမေတို့ကိုယ်ဝန်ဆောင်ချိန်မှာ ဆက်ဆံရေးကို ကလေး ၁၃ ပတ်ကနေ ၃၆ ပတ်အတွင်း ဗိုက်ကိုတိုက်ရိုက်မထိတဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံနေထိုင်လို့ရပါတယ်နော်။
ကိုယ်ဝန်ဆောင်နေချိန်အပြီး မွေးဖွားပြီးချိန်မှာတော့ ပုံမှန်အနေနဲ့ ၄၅ ရက်ဆိုရင် အတူနေလို့ရပါပြီနော်။ တစ်ခုရှိတာကတော့ မိခင်က နို့တိုက်နေတဲ့အချိန်မှာ ပုံမှန်မျိုးဥက မကြွေတတ်တာကြောင့် ဟော်မုန်းပြောင်းလဲမှုတွေကတော့ ပုံမှန်မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်လည်း ခင်ပွန်းသည်နဲ့အတူတူနေထိုင်တဲ့အခါ နာတာ၊ မွေးလမ်းကြောင်းမှာ အောက်ကညှပ်ထားတဲ့အတွက် နာတတ်ပါတယ်တဲ့။ တကယ်လို့ မိခင်မှာ သွေးဆင်းတာ၊ သွေးသွန်တာ။ ပိုးဝင်တာတွေရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အမျိုးသားနဲ့ ဆက်ဆံဖို့လိုအပ်ပါတယ်တဲ့။
ဖေဖေ၊ မေမေအားလုံး ရွှင်လန်းပျော်ရွှင်ပြီး အိမ်ထောင်ရေးသုခ၊ မိသားစုပျော်ရွှင်မှုတွေ ပြည့်ဝနိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး