မေမေတို့ရေ သားသားမီးမီးလေးတွေ နားကျန်းမာရေးကောင်းမွန်ပြီး အမြဲတမ်းပျော်ရွှင်ကျန်းမာနေစေဖို့အတွက် သတိပြုရမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ပါမယ်နော်။ ကလေးငယ်ရဲ့ နားကျန်းမာရေးအတွက် မေမေတို့က အထူးဂရုပြုပေးဖို့လိုပါတယ်။ နုနယ်တဲ့ကလေးငယ်လေးတွေရဲ့ နေရာထိုင်ခင်းနဲ့ ပတ်ဝန်းကျင်အနေအထားကလည်း နားကျန်းမာရေးအတွက် အရမ်းကို အရေးကြီးပါတယ်။ ကလေးတွေရဲ့နုနယ်တဲ့နားထဲကို ဖုန်လေးတွေ၊ ပိုးမွှားလေးတွေ သေးသေးကအစ ဝင်ရောက်သွားခဲ့ရင် နားအတွင်းပိုင်းအထိ ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒီအတွက် ကလေးငယ်တွေရဲ့ အိပ်ယာတွေနဲ့ ကလေးရဲ့အနီးပတ်ဝန်းကျင်တွေကို အရမ်းဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
နောက်ပြီးကလေးငယ်တွေရဲ့လက်ထဲကို ဂွမ်းတံတွေ၊ အတံအချောင်းတွေထည့်မပေးမိပါစေနဲ့နော်။ ကလေးတွေအလွယ်တကူယူနိုင်တဲ့အနီးနားမှာလည်း မထားပါနဲ့။ ကလေးတွေက ကောက်ယူဆွဲပြီး နားထဲကို ထည့်တဲ့အခါ အတွင်းပိုင်းရောက်သွားရင် အနာတရဖြစ်တာ၊ အကြီးမားဆုံးနားပင်းသွားတဲ့အထိ ကြုံရတတ်တဲ့အပြင် တစ်ခါတစ်ရံမှာ နားထိခိုက်မိတဲ့ဒဏ်ရာတွေ အတွင်းဒဏ်ရာတွေကတဆင့် အသက်အန္တရာယ်အထိပါ ဖြစ်ပေါ်သွားနိုင်တာကြောင့် မေမေတို့တွေအားလုံးက ဂရုစိုက်ပေးဖို့လိုပါတယ်။
နောက်တစ်ခုသတိထားရမှာကတော့ ကလေးငယ်တွေအနည်းငယ်အရွယ်ရလာတဲ့အချိန်မှာ နားကြပ်တွေဝယ်ပေးထားပြီး နားထောင်စေတာတွေကိုလည်း မေမေတို့အနေနဲ့ လေ့ကျင့်ပေးထားဖို့မသင့်ပါဘူး။ ကျောင်းနေရွယ်စတင်ရောက်ပြီဆိုရင်တော့ ကလေးတွေက မြင်မြင်သမျှပူဆာတတ်ပြီး အခြားကလေးတစ်ဦးဦးရဲ့ ကစားစရာအသစ်အဆန်းတွေဆိုရင် လိုချင်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးကျန်းမာရေးအတွက် ထိခိုက်တတ်စေမယ့်ပစ္စည်းမျိုးတွေဆိုရင်တော့ မေမေတို့တွေအားလုံးက ဂရုစိုက်ပြီး ကလေးတွေနားလည်အောင်ရှင်းပြပေးတာ၊ လိုအပ်လို့ အသုံးပြုမယ်ဆိုရင်တောင် အချိန်အတိုင်းအတာလေးနဲ့ အသုံးပြုတတ်အောင် သင်ကြားလေ့ကျင့်ပေးတာတွေ ပြုလုပ်ပေးဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး