“ဗိုက်ကြီးနာစွဲခြင်း” (Morning sickness)ဆိုတာ ဘာလဲ။
ကိုယ်ဝန်ရှိစမှာ ခေါင်းမူးခြင်း၊ အစားအသောက် မစားချင် မသောက်ချင် ဖြစ်ရာက ပျို့အန်ခြင်း၊ မအီမသာ ဖြစ်ခြင်း စတာတွေ ခံစားရပါတယ်။
မစားချင်လို့ မစားရာက လေတွေခံ၊ လေတွေပွပြီး လေတွေချည်းဘဲ အန်တတ်သလို၊ စားသမျှလည်း အန်တတ်ပါတယ်။ ကိုယ်ဝန်မှာထွက်တဲ့ ဟော်မုန်းတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုတွေ နှေးကွေးပြီး ဝမ်းချုပ်ပြီး လေတွေပွပြီး လေမလည်ဘဲ လေ တွေအထက်ကိုတက်ပြီး ပျို့ချင် အန်ချင်ဖြစ်တတ်ပါတယ်။ နံနက်စောစောပိုင်းမှာ ဖြစ်တတ်လို့ Morning sickness လို့ခေါ်ပေမဲ့ တချို့ကျတော့လည်း ညနေပိုင်းမှာ ပိုဖြစ်တတ်ကြပါတယ်။
တခါတရံ ခံတွင်းကပျက်၊ ဗိုက်ကဆာသော်လည်း အစားကစားမရဖြစ်ပြီး၊ ချဉ်ချင်းတပ်တယ်ဆိုပြီး ချဉ်လွန်းစပ်လွန်းတာတွေ စားရင်းနဲ့လဲ အစာအိမ် လောင်တတ်ပါတယ်။အစာအိမ်အောင့်တတ်ပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်း ရင်ညွှန့်နေရာက အောင့်ခြင်းဖြစ်ပါတယ်။အစာအိမ်ရောဂါလို့ထင်ပြီး ဆေးကုတတ်ကြပါတယ်။ အစားဝင်အောင်စားဖို့လိုပါတယ်။
ကိုယ်စားနေကျ သိပ်ကြိုက်တဲ့ အစားအစာကိုတောင် အနံ့ခံ မရတော့တာလည်းဖြစ်တတ်ပါတယ်။ စားနေကျမဟုတ်တဲ့ အစားအစာ တွေကိုလည်း ထူးဆန်းစွာ တောင့်တလာတတ်ပါတယ်။ ချဉ်ချင်းတက်တယ်လို့လည်း ခေါ်ပါတယ်။ မစားကောင်းတဲ့ အစာ ဥပမာ ဆေးလိပ်ပြာ စတာတွေကို စားချင်စိတ် ပေါ်တတ်ပါတယ်။ တစ်ချို့လည်း တံတွေးတွေထွက်ပြီး တစ်ပျစ်ပျစ်နဲ့ တောက်လျှောက် ထွေးနေရတတ်ပါတယ်။ လူတိုင်း အနည်းနှင့်အများ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ လုံးဝ ဘာမျှမခံစားရတဲ့သူလည်း ရှိပါတယ်။
အရမ်းအန်ပြီး ဘာမျှမဝင်ရင် လူလည်း သိပ်နုံးလာမယ်။ အရည်ဓါတ်တွေခန်းခြောက်လာပြီး ဆီးလည်းနည်းလာမယ်။ ဆီးအရောင် ရင့်လာမယ် ဆိုရင် “ကိုယ်ဝန်ဆောင် အအန်လွန်ခြင်း Hyper-emesis Gravidarum” လို့ခေါ်ပါတယ်။ အအန်များလာရင် တခါတလေ သွေးစလေးများ ပါလာတတ်ပါတယ်။