(၁) ဗိုက်ကြီးနာစွဲပြီး ဆီးနည်းပြီး ဆီးအရောင်ရင့်လာခြင်း
ဗိုက်ကြီးနာစွဲခြင်းသည် သဘာဝဖြစ်သော်လည်း အစာ လုံးဝမဝင်ဘဲ၊ ဆီးနည်းလာပြီး ဆီး အရောင်ရင့်လာရင် အန္တရာယ်လက္ခဏာ ဖြစ်လာပြီဖြစ်ပါတယ်။ အကြောဆေးသွင်းပြီး လိုအပ်သော ကုသမှုများရရှိနိုင်ရန် ဆေးရုံသို့ အမြန်ပို့ပေးပါ။
(၂) သွေးဆင်းခြင်း နှင့် ဗိုက်နာခြင်း
သားပျက်သားလျောဖြစ်ခြင်း
သွေးနည်းနည်းသာဆင်းပြီး ကိုက်ခဲနာကျင်မှုမရှိရင် ကလေးပျက်ချင်သလို ဖြစ်တာ ဖြစ်နိုင်ပါ တယ်။ ဆီးစပ်ကိုက်လာပြီး သွေးဆင်းများလာရင် ကြိမ်းသေပေါက် ပျက်မယ့်သဘော ဖြစ်ပါတယ်။ ကလေးအတွက် အန္တရာယ်ဖြစ်သလို သွေးဆင်းသိပ်များရင် အမေအတွက်လည်း အန္တရာယ်ဖြစ်ပါတယ်။ ဆေးရုံသို့ ချက်ချင်းသွားရပါမယ်။
ဥပြွန်တွင်သန္ဓေတည်ခြင်း
သွေးဆင်းသိပ်မများဘဲ ဆီးစပ်မှပြင်းထန်စွာ ရုတ်တရက်နာပြီး ဗိုက်တပြင်လုံး အထိမခံနိုင် အောင်နာလျှင် ဥပြွန်တွင်သန္ဓေတည်ပြီး ဗိုက်ထဲတွင် သွေးများယိုထွက်နေခြင်း ဖြစ်နိုင်ပါတယ်။ အချိန်မှီကုသမှုမရလျှင် အသက်အန္တရာယ်ရှိပါတယ်။ အရေးပေါ်ဗိုက်ခွဲရ တတ်ပါတယ်။ အမြန်ဆုံးဆေးရုံသွားဖို့ လိုပါတယ်။ သွေးလှူဘဏ်မရှိတဲ့ဆေးရုံဖြစ်ပါက သွေးလှူရှင်များပါ ခေါ်သွားသင့်ပါတယ်။
စပျစ်သီးသန္ဓေ
သွေးဆင်းများပြီး စပျစ်သီးကဲ့သို့ အလုံးလေးများဆင်းပါက စပျစ်သီးသန္ဓေဖြစ်နိုင်ပါတယ်။ သွေးဆင်းများပြီး အမေ အသက်အန္တရာယ်ရှိပါတယ်။
(၃) ကလေးဖျက်ထားပြီး အဖျားဝင်လာခြင်း
ပိုးဝင်ပြီး ပိုးဆိပ်တက်ပြီးဖျားခြင်းဖြစ်နိုင်ပါတယ်။ ဗိုက်ကိုအထိမခံနိုင်အောင်နာခြင်း၊ အလုံး အကြိတ်များရှိလာပါက ဗိုက်ထဲတွင် ပြည်တည်ခြင်း ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ် ရှိပြီး အရေးပေါ်ဗိုက်ခွဲရတတ်ပါတယ်။ ဆေးရုံသို့ အမြန်ဆုံပို့ပေးပါ။
(၄) ဖျားခြင်း၊ ဝမ်းပျက်ခြင်းများဖြစ်လျှင် အရေးပေါ်ပြသနိုင်ရန်လိုပါသည်။